Australia Tour

Departure Date

Day 1 of Month

Duration

10 days

Views

774

Maximum Seats

20

Tour Overview

Day 1

Day 1

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်္ကာပူ လေကြောင်းခရီးစဉ် MI 519 (17:30/22:05) ဖြင့် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ဆက်လက်၍ စင်္ကာပူ လေကြောင်းခရီးစဉ် SQ 231 (00:45/10:25) ဖြင့် သြစတြေးလျှနိုင်ငံ ဆစ်ဒနီမြို့သို့ ပျံသန်းမည်ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2

Day 2

သြစတြေးလျှဒေသစံတော်ချိန် နံနက် (09:20) တွင် ဆစ်ဒနီသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ဆစ်ဒနီမြို့သို့ ရောက်ရှိပါက ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး ဆစ်ဒနီမြို့၏ အလှပဆုုံးနှင့် အထင်ကရ နေရာတစ်ခုဖြစ်သော Opera House, Darling Habour, နှင့် Sydney Habour Bridge ပတ်ဝန်ကျင် လှပသော နေရာများကို လှည့်လည်ကြည့်ရှု လေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ ထို့နောက် ဆစ်ဒနီမြို့ငါးစျေးတန်းတွင် လှည့်လည်ကြည့်ရှုပြီး နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဆစ်ဒနီမြို့ ကျက်သရောဆောင်တစ်ခုဖြစ်သော Sydney Tower သို့တက်ရောက်၍ လှပသော ဆစ်ဒနီမြို့၏အလှကို အပေါ်စီးမှကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ညနေခင်းတွင် ဆစ်ဒနီပြဇာတ်ရုံနောက်ခံဖြင့် လှပသော ဆိပ်ကမ်းတစ်လျှောက် သဘောင်္ဖြင့် လှည့်လည်သွားလာရင်း သဘောင်္ပေါ်တွင် ညစာသုံးဆောင်ပါရင်း မီးထွန်းညှိထားသော ဆစ်ဒနီမြို့အလှကို ကြည့်ရှုခံစားမည်ဖြစ်ပါသည်။ ညစာစားသုံးပြီးနောက် ဟိုတယ်တွင် ပြန်လည်အိပ်စက် အနားယူပါမည်။ (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 3

Day 3

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးပါက ဆစ်ဒနီမြို့မှ တောင်ဖက်ရှိပစိဖိတ်သမုဒ္ဒရာတလျောက် ကားဖြင့်ဖြတ်သန်းပြီး ပင်လယ်ကမ်းခြေမြို့ဖြစ်သည့် Wollongong မြို့သို့သွားရောက်လည်ပတ်ပါမည်။ Wollongong မြို့ရှိ Bald Hill တောင်ပေါ်မှ Hang Glider စီးနင်းခြင်းကိုကြည့်ရှုနိုင်ပါမည်။ ထို့နောက် 665 meters ရှည်လျားသည့် သမုဒ္ဒရာပေါ်မှ ဆောက်လုပ်ဆက်သွယ်ထားသည့် Sea Cliff Bridge ပေါ်တွင် လမ်းလျှောက်ဖြတ်သန်းရင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ နာမည်ကြီး Austimer Beach နှင့် သဘာဝကျောက်သားများ ၀န်းရံဖြစ်ပေါ်နေသည့် ရေကန်များ သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဗုဒ္ဒဘာသာဘုရားကျောင်းတစ်ခုဖြစ်သော Nan Tien Temple သို့သွားရောက်ပြီး သတ်သတ်လွတ် နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက Wollongong ကမ်းခြေရှိ သြစတြေးလျျနိုင်ငံ၏ အကြီးဆုံးဘီယာစက်ရုံ Five Islands Brewery သို့ သွားရောက်လေ့လာမည်ဖြစ်ပြီး သြစတြေးလျှနိုင်ငံထုတ် ဘီယာမြည်းစမ်းနိုင်ပါမည် (own account)။ ထို့နောက် Wollongong ကမ်းခြေ ၊ Flagstaff Hill တို့ကို သွားရောက်လည်ပတ်ပြီး ဆစ်ဒနီမြို့သို့ ပြန်လည်ထွက်ခွာပါမည်။ ဆစ်ဒနီသို့ရောက်ရှိပါက ညစာသုံးဆောင်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 4

Day 4

နံနက်စာသုံးဆောင်ပြီးပါက ဆစ်ဒနီမြို့အနောက်ဘက် 100 ကီလိုမီတာခန့် အကွာတွင်တည်ရှိပြီး အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားခြင်းခံရသော Blue Mountain National Park သို့တစ်နေတာ သွားရောက်လည်ပတ်ပါမည်။ Skyway ခေါ်ကောင်းကင်ကြိုးရထားဖြင့် Three Sisters ကျောက်ညီအမသုံးဖော် တည်ရှိရာ ကျောက်တောင်သို့ သွားရောက်ပြီး Australia နိုင်ငံ၏ Grand Canyon တင်စားခေါ်ဝေါ်ခြင်း ခံရသည့် သာယာလှပသော မြင်ကွင်းကျယ်ရှုခင်းကို ကြည့်ရှု့ခံစားရင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးပါမည်။ Australia နိုင်ငံ၏ အမှတ်တံဆိပ်ဖြစ်သော သားပိုက်ကောင်များကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။ ညနေခင်းတွင် ဆစ်ဒနီမြို့သို့ ပြန်လည်ထွက်ခွာလာပြီး Ferry ဖြင့် ဆစ်ဒနီဆိပ်ကမ်းအလှကို ကြည့်ရှုခံစားရင်း မြို့ထဲသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 5

Day 5

နံနက်စာသုံးဆောင်ပြီးပါက ဆစ်ဒနီလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ထို့နောက် Virgin Australia Airline လေကြောင်းခရီးစဉ် (VA 935 11:00-12:30) ဖြင့် Brisbane မြို့သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ ထို့နောက် ရွှေရောင်ကမ်းခြေဟု တင်စားခေါ်ဝေါ်ခြင်း ခံရသော (၈၀) ကီလိုမီတာရှည်လျားသည့် သြစတြေးလျနိုင်ငံ၏ နာမည်ကျော် Gold Coast မြို့သို့ကားဖြင့်သွားရောက်ပါမည်။ Gold Coast သို့ရောက်ရှိပါက Movie World သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး Movie World Theme Park တွင် တစ်နေတာ အချိန်ယူမည်ဖြစ်ပါသည်။ နေ့လည်စာကို Movie World တွင်သုံးဆောင်ပါမည်။ ထို့နောက် Movie World တွင် နာမည်ကျော် Warner Brothers ရုပ်ရှင်ကုမ္ပဏီ၏ ရုပ်ရှင်ရိုက်ကူးရာတွင် အသုံးပြုသော အပြင်အဆင်၊ အခမ်းအနားများကို လေ့လာနိုင်ပါသည်။ ထို့အပြင် ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်များ၏ ပုံစံတူ ကိုယ်ဟန်ပြမယ်/မောင် တို့ဖြင့်လည်း အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ပါမည်။ ညနေခင်းတွင် ကမ္ဘာကျော် Surfer Paradise ကမ်းခြေသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ခေတ္တအနားယူ အပန်းဖြေပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 6

Day 6

နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် Sea World သို့သွားရောက််လည်ပတ်ပါမည်။ Sea World သည် Gold Coast တွင်ထင်ရှားသော နေရာတစ်ခုဖြစ်ပါသည်။ လင်းပိုင်များနှင့် ရေလွှာလျှောစီးပြပွဲများသည် Sea World တွင်အလွန်ထင်ရှားသောကြောင့် သွားရောက်ကြည့်ရှုသင့်ပါသည်။ ကျွမ်းကျင်သောစကိတ်စီးသမားများ၏ ကြိုးတန်းဖြင့် ရေလွှာစီးသရုပ်ပြခြင်း၊ လင်းပိုင်ကလေးများက ထောင်ပြထားသောကွင်းများအတွင်းသို့ ခုန်ဝင်သရုပ် ပြခြင်းနှင့် သူတို့၏ပင်ကိုယ်စွမ်းရည်နှင့် နားထောင်နိုင်စွမ်းအားတို့ကို အံ့သြဖွယ်မြင်တွေ့ရပါမည်။ ထို့နောက် Sea World အတွင်းရှိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကစားနည်းများစွာကို ပျော်ရွှင်လွတ်လပ်စွာ ပါ၀င်ဆင်နွှဲနိုင်ကြမည်ဖြစ်ပါသည်။ နေ့လည်စာကို မိမိအစီအစဉ်ဖြင့် သုံးဆောင်ရမည်ဖြစ်ပါသည်။ ညနေခင်းတွင် Queensland ပြည်နယ်၏ အလှပဆုံးသော စျေးဝယ်စင်တာ တစ်ခုဖြစ်သည့် Marina Mirage သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (နံနက်စာ၊ညစာ)
Day 7

Day 7

နံနက်စာသုံးဆောင်ပြီးပါက ဆစ်ဒနီလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး Virgin Australia လေကြောင်းခရီးစဉ် (VA 736 11:50-14:15) ဖြင့် မဲလ်ဘုန်းလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ မဲလ်ဘုန်းလေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုပြီး နေ့လည်စာသုံးဆောင်ရန် မဲလ်ဘုန်းမြို့ထဲသို့ ဆက်လက်ထွက်ခွာပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက မြို့တွင်းလည်ပတ်ခြင်း အစီအစဉ်အဖြစ် မဲလ်ဘုန်းမြို့၏ အထင်ကရ နေရာများဖြစ်သော Bourke Street Mall ၊ Federation Square ၊ St Paul's & St Patrick's Cathedrals ၊ Town Hall ၊ Queen Victoria ဈေး ၊ Chinatown ၊ Fitzroy ဥယျာဉ်၊ the Gardens ၊ theMCG ၊ အမျိုးသားတင်းနစ်စင်တာ၊ Flinders Street Station ၊ Southbank ၊ St Kilda လမ်းမကြီး၊ Telstra Dome နှင့် မြို့၏အလှကို အသေးစိတ်မြင်နိုင်သော the West Gate Bridge အစရှိသော နေရာများကို လှည့်လည်ကြည့်ရှုပြီး အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးပါမည်။ ထို့နောက် Local Restaurant တွင် ညစာသုံးဆောင်ပြီးပါက ဟိုတယ်တွင် တစ်ညတာအေချမ်းစွာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 8

Day 8

မနက်စာသုံးဆောင်ပြီးနောက် သဘာဝတရားကြီး၏တန်ခိုး၊ သတ္တိနှင့် စွမ်းအားတို့၏ အံ့မခန်းထူးခြားဆန်းကြယ်မှုတို့ကို တွေ့မြင်ခံစားနိုင်ရန် ကမ်းရိုးတန်းတစ်လျှောက် ဖောက်လုပ်ထားသော Great Ocean Road ခရီးကို သွားရောက်မည်ဖြစ်ပါသည်။ သမုဒ္ဒရာအတွင်းမှ နတ်ဘုရားပုံစံကဲ့သို့ ထူးခြားစွာ ပေါ်ထွက်နေသော (၁၂)တိုင်၊ လေးကိုင်းသဏ္ဏာန်ဖြစ်ပေါ် နေသောကျွန်း၊ ဆူးတောင်ပါသော ဝေလငါးနှင့် မတ်စောက်သော ကမ်းရိုးတန်းပေါ်မှ မြင်တွေ့ခံစားနိုင်သော ကမ်းရိုးတန်း သဘာဝအလှတို့မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ နှစ်သန်းပေါင်းများစွာ ကတည်းကတည်ရှိခဲ့သော နာမည်ကျော် လန်ဒန်တံတားကြီးနှင့် သဏ္ဌန်တူ ပင်လယ်ထဲသို့ကျိုးကျနေဟန် ကျောက်ဆောင်ကြီး၏ အပိုင်းအစများကိုလည်း လေ့လာတွေ့မြင်နိုင်ပါသည်။ ထို့အပြင် ကျော်ကြားလှသော Bells ကမ်းခြေနှင့် Apolo ပင်လယ်အော်၊ Lorne & Otway အမျိုးသားဥယျာဉ်အတွင်းရှိ သစ်တောကြီးများကိုလည်း လမ်းခရီးတစ်လျှောက် လေ့လာနိုင်ပါသည်။ နေ့လည်စာများသုံးဆောင်ရင်း ဓါတ်ပုံရိုက်နိုင်ရန် ရူခင်းလှပသောနေရာများတွင် ခဏရပ်နားပေးပါမည်။ ညစာစားသုံးပြီးနောက် မဲလ်ဘုန်းမြို့သို့ ပြန်လည်ထွက်ခွာလာပြီး ဟိုတယ်တွင် တစ်ညတာအိပ်စက် အနားယူပါမည်။ (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 9

Day 9

မနက်စာသုံးဆောင်ပြီးပါက မဲလ်ဘုန်းမြို့အရှေ့ဘက်ရှိ Dandenong Ranges National Park ကို ဖြတ်သန်းသွားသည့် Australia နိုင်ငံ၏ ရှေးအကျဆုံး ရေနွေးငွေ့သုံးစက်ခေါင်းဖြင့် လည်ပတ်သော Puffing Billy ရထားဖြင့် သွားရောက်လည်ပတ်ပါမည်။ ရှည်လျားလှသော ယူကလစ်ပင်တန်းနှင့် စိမ်းစိုလန်းဆန်းသော သစ်တောများက လာရောက်လည်ပတ်များ၏ စိတ်ကိုလန်းဆန်းစေပါသည်။ Australia နိုင်ငံ၏ သင်္ကေတဟု ဆိုရသည့် ကြက်တူရွေးလေးများနှင့် ချစ်စရာငှက်ငယ်လေးများအား လှည့်လည်ကြည့်ရှု အမှတ်တရ ဓါတ်ပုံရိုက်ပြီး နေ့လည်စာသုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက မဲလ်ဘုန်းမြို့သို့ ပြန်လည်ထွက်ခွာလာပြီး စျေးဝယ်ရန် အကောင်းဆုံး နေရာများဖြစ်သော Queen Victoria စျေးနှင့် China Town သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ပျော်ရွှင်လွတ်လပ်စွာ စျေးဝယ်နိုင်ပါသည်။ ယခုခရီးစဉ်တွင် Australia နိုင်ငံ၏ မြို့ကြီး (၃) မြို့ဖြစ်သော Melbourne၊ Sydney နှင့် Gold Coast ကမ်းခြေတို့ပါ၀င်ပါသည်။ သို့ရာတွင် စျေးဝယ်ရန် အကောင်းဆုံးနေရာသည် မဲလ်ဘုန်းမြို့ရှိ Queen Victoria စျေးနှင့် China Town ဖြစ်သည့်အတွက် ယနေ့တွင် စိတ်တိုင်းကျ စျေးဝယ်ရန် အကြံပြုပါသည်။ ညစာသုံးဆောင်ပြီးပါက မဲလ်ဘုန်းလေဆိပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး စင်္ကာပူလေကြောင်းခရီးစဉ် (SQ 218 00:05- 06:00) ဖြင့် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။ (နံနက်စာ၊ နေ့လည်စာ၊ ညစာ)
Day 10

Day 10

စင်္ကာပူလေဆိပ်တွင် လေယဉ်ပြောင်းပြီးနောက် စင်္ကာပူလေကြောင်း ခရီးစဉ် SQ 998 (07:55/09:20) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းရောက်ရှိမည်ဖြစ်ပါသည်။

Talk to our travel expert

Phone

378503, 378127, 250734

Email

outbound@tourdemyanmar.com

You Will Also Like